Friday, January 22, 2010

အာဖဂန်တွင်ဂျပန်ရေတပ်လောင်စာဆီဖြည့်တင်းခြင်းလုပ်ငန်းအဆုံးသတ်


ဂျပန်နိုင်ငံသည်၂၀၀၁ခုနှစ်မှစတင်ကာအာဖဂန်နစ္စတန်တွင်အမေရိကန်ဦးဆောင်ဆင်နွဲခဲ့သည့်စစ်ရေးအရေးယူမှုအားထောက်ခံပါဝင်ခဲ့သောဂျပန်ရေတပ်၏လောင်စာဆီဖြည့်တင်းကူညီရေးလုပ်ငန်းစဉ်ကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။ အလယ်အလတ် သဘောထား ရှိသည့် ဂျပန်အစိုးရသစ်အနေဖြင့် ဝါရှင်တန်နှင့် ဆက်ဆံရေးတွင် ၎င်း၏မာန်စွယ်ကို ထုတ်ပြလိုက်ခြင်းလည်းဖြစ်သည်။
ကာလရှည်ကြာအုပ်ချုပ်ခဲ့သောကွန်ဆာဗေးတစ်များကိုအနိုင်ရကာလွန်ခဲ့သည့်လေးလကတက်လာခဲ့သူဝန်ကြီးချုပ်သစ် ယူကီယိုဟာတိုယာမာ၏အစိုးရအဖွဲ့သည်အမေရိကန်နှင့်ဆက်ဆံရာတွင်"အမေရိကန်ပေါ်ကျိုးနွံနာခံမှုနည်းမည်" ဟုကတိပြုခဲ့ခြင်းကို ဤလုပ်ရပ်က ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ ကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားခဲ့ခြင်းက ရက်ပိုင်းသာလိုလာတော့သည့် ဝါရှင်တန်-တိုကျိုပူးပေါင်းကျင်းပမည့် လုံခြုံရေးဆိုင်ရာမဟာမိတ်ဖွဲ့မှုနှစ် (၅၀) ပြည့် အထိမ်းအမှတ်ကိုထိခိုက်စေခဲ့သည်။ အာဖဂန်တွင်တာဝန်ထမ်းဆောင်နေသော နိုင်ငံတကာတပ်ဖွဲ့များအသုံးပြုသည့် စစ်သင်္ဘောကြီးများကို လောင်စာဆီနှင့်ရေ ရှစ်နှစ်ကြာထောက်ပံ့ကူညီခဲ့ပြီးနောက် ဂျပန်ရေတပ်သင်္ဘောနှစ်စင်းနှင့် သင်္ဘောသား (၃၄၀) တို့ကိုအိမ်ပြန်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုရှီမီ ကီတာဇာဝါ ကအမိန့်ပေးခဲ့သည်။
လောင်စာဆီထောက်ပံ့ရေးလုပ်ငန်းစဉ် အဆုံးသတ်ခြင်းနှင့်အတူ ဝန်ကြီးချုပ် ဟာတိုယာမာကဤလုပ်ငန်းစဉ်တွင်အာဖဂန်နစ္စတန်ကို လူသာခြင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်သွားမည် ဟုကတိပြုခဲ့သည်။ စစ်ပွဲကြောင့်ယိုယွင်းပျက်စီးသွားသောအာဖဂန်နစ္စတန် နိုင်ငံကိုပြန်လည်ထူထောင်ရာတွင်ဂျပန်နိုင်ငံကလာမည့်ငါနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ (သန်း ၅၀၀၀)ကူညီမည်ဟုသိရသည်။
ငြိမ်းချမ်းရေးကိုအထူးလိုလားသည့် ဆိုရှယ်ဒီမိုကရက်များနှင့် မဟာမိတ်ဖွဲ့ထားသူ ဟာတိုယာမာက ဂျပန်အနေဖြင့် အာဖဂန်သို့ တပ်ဖွဲ့များထပ်မံစေလွှတ်မည်မဟုတ်ကြောင်း အလေးအနက်ပြောကြာခဲ့သည်။
စစ်ပြီးခေတ်နောက်ပိုင်း ငြိမ်းချမ်းရေးကိုအလေးပေးသည့် ဖွဲ့စည်းပုံအောက်တွင် ဂျပန်နိုင်ငံသည် တိုက်ခိုက်ရန်အတွက်ပြည်ပသို့ လက်နက်ကိုင်တက်ဖွဲ့များ စေလွှတ်ခြင်းမှတား မြစ်ခံထားရသည်။ သို့သော် တိုကျိုအနေဖြင့် အီရတ် နှင့် အခြားဒေသများတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် နှင့် စစ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုများဆောင်ရွက်ရန် တပ်ဖွဲ့များစေလွှတ်ခဲ့သည်။
မင်းသက်စံ
ကိုမျိုးချစ်မြန်မာထံရယူပါသည်။
Posted by Aye Nandar Aung

0 comments: