Tuesday, February 2, 2010

Comments (2) မြန်မာ့ အရေးအတွက် အိုဘားမား ဒေါ်လာ ၃၆.၅ သန်း အဆိုတင်သွင်း


02/02/2010
အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာ - ထိုင်း နယ်စပ် တလျှောက်ရှိ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ လုပ်ငန်းစဉ်များ အထောက် အပံ့အတွက် အမေရိကန် ဒေါ်လာ ၃၆.၅ သန်းပေးရန် လွှတ်တော်သို့ အဆို တင်သွင်းလိုက်သည်။စီးပွားရေး အထောက် အပံ့ရန်ပုံငွေ (Economic Support Fund) ၏ ၂၀၁၁ ခုနှစ် ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်းရာ၌ သမ္မတ အိုဘားမားက နိုင်ငံတွင်းနှင့် မြန်မာ - ထိုင်းနယ်စပ် တလျှောက်ရှိ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လုပ်ငန်းများ အတွက် အထောက်အပံ့ ပေးနိုင်ရန် ယင်းငွေ ပမာဏကို အသုံးပြု သင့်သည်ဟု ထည့်သွင်း အဆိုပြုခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဘတ်ဂျက်သည် ၂၀၁၀ အောက်တိုဘာ လတွင် စတင် အသက်ဝင်မည် ဖြစ်သည်။ပြည်ပ အခြေစိုက် မြန်မာ ကျောင်းသား အဖွဲ့များနှင့် တခြား အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်တာများနှင့် နယ်စပ်များ တလျှောက်ရှိ မြန်မာ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများသည် ဤထောက်ပံ့မှု၌ အကြုံးဝင်ကြောင်း သိရသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ အကူအညီ (Migration and Refugee Assistance) ခေါင်းစဉ်အောက်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီ၌ ဒေါ်လာ ၄ သန်း တိုးမြှင့်ချမှတ်ပေးရန်ကိုလည်း အဆို ပြုခဲ့သည်။ အဆိုပါ ဒေါ်လာ ၄ သန်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ(IDP)အား အစားအစာ၊ ဆေးဝါးနှင့် တခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီနေသော ထိုင်းအခြေစိုက် လူမှုအခြေပြု လူ့အဖွဲ့ အစည်း များကို ပံ့ပိုးနိုင်ရန်ဖြစ်သည်။

ဤဘတ်ဂျက်အဆိုတင်သွင်းမှုအရ မြန်မာနိုင်ငံအတွက် ချမှတ်ထားသော ငွေကြေးအကူအညီများကို အသုံးပြု၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစုအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်များနှင့် သွေဖီမှုမရှိသည့် လုပ်ငန်းများကိုသာ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

ယင်းဘတ်ဂျက်အဆိုတင်သွင်းမှု၌ သမ္မတအိုဘားမား၏ အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရသို့ ပေးအပ်မည့် မည်သည့် ချေးငွေ နှင့် ငွေကြေးအကူအညီများကိုမဆို နိုင်ငံတကာတွင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖေါ်ပြထားသည်။

"ဘဏ္ဍာရေးဋ္ဌာန အတွင်းရေးမှူးသည် အမေရိကန်ပြည်ထောင်စု ပါဝင်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတိုင်း၌ မြန်မာစစ် အစိုးရသို့ ချေးငွေ သို့မဟုတ် ငွေကြေး သို့မဟုတ် နည်းပညာအကူအညီပေးရန် သို့မဟုတ် ဘဏ်တခုခုမှ မြန်မာစစ်အစိုးရ အတွက် တခြားပုံစံဖြင့် ငွေကြေးသုံးစွဲရန် တင်ပြလာမှုများအား ကန့်ကွက်သွားရန်အတွက် ဦးဆောင်ညွှန်ကြားရေးမှူးကို လမ်းညွှန်သွားရ မည်"ဟုလည်း အဆိုတင်သွင်းမှုတွင် ဖေါ်ပြထားသည်။

တပြိုင်တည်းမှာပင် ဗီအိုအေ သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထပ်လောင်းတောင်းဆိုကြောင်း၊ သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရက ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် အစီအစဉ်ဆွဲနေသည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားသွားသည်။

"ကျမတို့မြင်တွေ့လိုတာကတော့ မြန်မာပြည်သူတွေ သူ့တို့ရဲ့ခေါင်းဆောင်တွေကို သူတို့ဘာသာစိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဝင်ရွေးကောက်ပွဲတွေပဲဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်လာတာကိုလည်း ကျမတို့မြင်လိုပါတယ်"ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောကြားသွားသည်။

"ကျမတို့အနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ချင်တာပါ၊ အဲဒါနဲ့ပါတ်သက်တဲ့ ဖြစ်နိုင်ချေတွေကိုလည်း ကျမတို့ဘက်ကကမ်းလှမ်းမှုတွေ လုပ်ပြီးပါပြီ။ ဒါပေမယ့် ကျမတို့ တကယ်မျှော်လင့်ပြီး မြင်တွေ့လို တဲ့အရာက မြန်မာစစ်အစိုးရအနေနဲ့ မြန်မာပြည်ဟာ အာဏာရှင်စနစ်အောက်က၊ အထီးကျန်မှုအောက်က ရုန်းထွက်လာပြီ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း နည်းလာပြီဆိုတာတွေကို ကျမတို့ကို သက်သေပြဖို့ပါပဲ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ပါ၊ မြန်မာပြည်ကို ကူညီဖို့လည်း အဆင်သင့် ပါပဲ။ ဒါပေမယ့် ကျမတို့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကို အရင်တွေ့လိုပါတယ်"ဟု မစ္စ ဟီလာရီက ဗီအိုအေသို့ ဆက်လက်ပြောကြားသွားခဲ့သည်။
(ဧရာဝတီ)
Posted by wanna

Saturday, January 30, 2010

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားမှတ်တမ်း


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကေသီသိန်း,
သတင်း။ ။စိုးမိုးနိင်(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)
Posted by NLD(LA)JB

ထွက်ခွာခွင့်တားမြစ်ခံခဲ့ရသော ကိုမေတ္တာတို့အဖွဲ့ ဂျပန်လာခွင့်ရသွားပြီ

တိုကျို၊ ဇန္န၀ါရီ(၃၁)
ရေးသားသူ-သန့်မျိုးထွေး


ဂျပန်ဖျော်ဖြေပွဲအတွက် ရန်ကုန်လေဆိပ်တွင် ထွက်ခွာခွင့်ပိတ်ပင်တားဆီးခြင်းခံခဲ့ရသော လူရွင်တော်ကိုမေတ္တာဦးဆောင်သည့် တိုကျိုဆာကူရာအငြိမ့်အဖွဲ့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အကြောင်းပြချက်အနေနှင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှမသိရှိလိုက်သည့်အတွက် တားမြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှသိမ်းယူထားလိုက်သော အနုပညာရှင်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ထွက်ခွာခွင့်ကို လွန်ခဲ့သော(၄)ရက်ခန့်က ကိုမေတ္တာအပါအ၀င် မိုးဒီ၊ မောစ့်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်စသည့် အငြိမ့်အဖွဲ့သားအားလုံးကို ခေါ်ယူပြန်လည်ပေးအပ်ပြီး ထွက်ခွာခွင့်ပြုလိုက်သည်ဟုအဆိုပါအဖွဲ့မှအနုပညာရှင်တဦးမှပြောပြသည်။

"ကျနော်တို့ကို မသွားသင့်ဘူးဆိုရင် ပါတ်စ်ပို့တွေ၊ ဒီဖောင်းတွေဘာတွေဖြည့်ကတည်းက ကျနော်တို့ပြန်ကြမယ်၊ အခုတော့သွားခါနီး လာခါနီးလေယာဉ်ပေါ်တက်ခါနီးတော့မှ ခဏလေးလာပါဦးလို့ဆိုပြီးတော့ အဲ့ဒါမျိုးက ကျနော်တို့အနုပညာသမားတွေအတွက် အရှက်တကွဲအကျိုးနည်းဖြစ်တာပေါ့နော်"ဟု အဖွဲ့ခေါင်းဆောင်ကိုမေတ္တာမှ လေဆိပ်တွင်တာဆီးခံရအပြီး မိုးသောက်ကြယ်သို့ပြောကြားခဲ့သည်။

ဆက်လက်၍ကိုမေတ္တာမှ- "အဲ့တော့ကျနော်တို့က ကျနော်တို့အစည်းအရုံးကိုတင်ပြမယ်၊ အစည်းအရုံးကခွင့်ပြုတယ်၊ သူတို့ကိုလည်း အထက်ကနေခွင့်ပြုပြီးသားကိစ္စဖြစ်တယ်။ ပြီးတော့ဂျပန်နိုင်ငံရောက် မြန်မာသံအမတ်ရဲ့ခေါ်ယူခွင့်ပြုချက်ကိုလည်း ရပါပြီလို့ဆိုတော့မှသွားတာကို လေဆိပ်ရောက်တော့မှ အတားခံရတယ်ဆိုတော့ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို မေးမယ်။ ရှင်းပြမယ်။ ကျနော်တို့မှာ မိဘသကဲ့သို့သဘောထားတဲ့ဝန်ကြီးရှိတယ်။ ၀န်ကြီးကိုယ်တိုင်ကလဲ ဒီကိစ္စကိုသိထားပြီးသားဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ဘယ်လိုအဖြေထွက်လာမလဲဆိုတာကိုတော့ မသိသေးဘူး"ဟု လေဆိပ်တွင်တားဆီးခံရအပြီး ရုပ်ရှင်အစည်းအရုံးသို့သွားရောက်မဖြေရှင်းမီ ယခုလို ဆက်လက်ပြောပြခဲ့သည်။

ကိုမေတ္တာတို့အဖွဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရမှုနှင့်ပတ်သက်ပြီး ဂျပန်ရှိ မြန်မာအနုပညာရှင်တဦးက "သူတို့ထွက်ခွင့်မရတာက ပြည်ပရောက်ရင် အနုပညာရှင်တွေ နိုင်ငံရေးလုပ်မှာတို့၊ အစိုးရဆန့်ကျင်ရေးတွေ လုပ်မှာတို့ကို နအဖက စိုးရိမ်မယ်လို့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းနဲ့ပြည်ပက နေရာအနေအထားခြင်း လူထုအပေါ်သက်ရောက်မှုခြင်း ကွာတယ်လေ။ သူတို့စိုးရိမ်တာက သူတို့ဆီမှာ အတွင်းကျကျအမှုထမ်း၊ ၀န်ထမ်းတွေအဖြစ် အလုပ်လုပ်ပြီးမှ စိတ်ပြောင်းပြီး ဘက်ပြောင်းသွားမှာကိုဘဲစိုးတာဗျ။ ဥပမာဗျာ သံအမှုထမ်းတို့၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာကလူတွေ။ လတ်တလောဗျာ ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်တို့လိုပေါ့။ ဒီလိုလူတွေကျတော့ နယ်စပ်ကနေထွက်သွားပြီး ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်တွေလျှောက်ပြီး အတွင်းရေးတွေဖေါ်မှာစိုးလို့ ဖမ်းဆီးမိန့်ကိုတောင့်လျော့ပေါ့ထားတာကိုဘဲ ကြည့်ပေါ့..."ဟု ၎င်း၏ထင်မြင်ချက်ကိုပြောပြသည်။

ထွက်ခွာခွင့်တားဆီးခံခဲ့ရသည့်အတွက် ဇန္န၀ါရီ(၂၄)ရက်နေ့တွင် တိုကျိုမြို့၌ ဖျော်ဖြေမည့်ပွဲမှာ ဖျက်သိမ်းလိုက်ရပြီး နောက်ရက်အနည်းငယ်တွင် ပြန်လည်ဖျော်ဖြေတင်ဆက်နိုင် အောင်ကြိုးစားပါမည်ဟု ပွဲစီစဉ်သူဂျပန်လူမျိုး မစ္စတာခိမိဟိကိုနှင့်ပူးတွဲစီစဉ်သူ မြန်မာလူမျိုးတဦးတို့က ဂျပန်မြန်မာနှစ်ဘာသာဖြင့် ကြေငြာချက်ထုတ်ပြန်၍ ပရိတ်သတ်ကိုတောင်းပန်ခဲ့ပြီး ယခုထပ်မံတင်ဆက်မည့်ဖျော်ဖြေမှုအတွက် ပရိတ်သတ်ကိုနှစ်သိမ့်သည့်သဘောဖြင့် တိုကျိုမြို့တွင် နှစ်ချီနှစ်မောင်း နှစ်ပွဲတိတိ ကျင်းပဖျော်ဖြေမည်ဟုဆိုသည်။
"ကိုမေတ္တာတို့က လာမဲ့ဖေဖေါ်ဝါရီ ၄ ရက် ရန်ကုန်ကနေထွက်ပြီး၊ ၅ ရက်နေ့ရောက်မယ်။ ပထမပွဲကိုလူငယ်တွေအကြိုက် ညလုံးပေါက်ပေါ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိကို တိုကျိုမြို့လယ်ခေါင်က ရှင်ဂျုကု၊ ခါဘုကိချောထဲက Pink Big Pig ဇတ်ရုံမှာ ဖေဖေါ်ဝါရီ ၆ ရက်စနေနေ့ညကနေစပြီး တနင်္ဂနွေနေ့ မနက်မှာပြီးမယ်။ ဒုတိယပွဲကို နာဂါနိုဘူတာနားက Zero Hall ခန်းမမှာ ဖေဖေါ်ဝါရီ(၁၁)ရက်၊ ဂျပန်ရုံးပိတ်ရက်(အနီရက်) ည ၇ နာရီကနေ ၁၀ နာရီအထိကကြမယ်။ ဒါကတော့လူကြီးတွေရော လူငယ်ပါအဆင်ပြေအောင်ပေါ့"ဟု မိုးသောက်ကြယ်သို့ ရှင်းပြသည်။

ယခင်က အငြိမ့်ဖျော်ဖြေပွဲနှင့်အတူ လူရွင်တော်လေးဦးနှင့် ဂျပန်အနုပညာရှင်များပါဝင်သော ဂျပန်မြန်မာချစ်ကြည်ရေး ဒီဗီဒီဇတ်ကားတခုကို ရိုက်ကူးရန် စီစဉ်ထားသော်လည်း ရိုက်ကူးဖြစ်၊ မဖြစ်အခြေအနေကိုမှု ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သတင်းရရှိသည်။
မိုးသောက်ကြယ်လှုပ်ရှားမှုများ(MTK Movement)

Friday, January 29, 2010

ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ လာရောက်ဖျော်ဖြေခွင့်ရမည်ဟု သတင်းရရှိ.....


လူရွှင်တော် ကိုမေတ္တာဦးဆောင်သော
တိုကျိုဆာကူရာပျော်စရာအငြိမ့်
(မော့စ်၊မိုးဒီ၊ခင်လှိုင်၊မင်းသမီး-လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်)

မကြာမီရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့ကို ရောက်ရှိလာပါမည်။
တိုကျိုဆာကူရာပျော်စရာ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင်အစီအစဉ်
၂ပိုင်းခွဲပြီး တင်ဆက် ကပြမည်ဖြစ်ပါသည်။ အထူးစောင့်စား မျှော်လင့်နေ
ကြသော ပရိတ်သတ်များအား သတင်းကောင်းပါးအပ်ပါသည်။
ကျင်းပမည့် အချိန်နှင့်နေရာ မကြာမီ ထပ်မံကြေငြာပါမည်။

မျှော်လင့်စောင့်စားနေကြသောပရိတ်သတ်များအား
အထူးကျေးဇူးတင်လျှက်

တိုကျိုဆာကူရာဝိုင်းတော်သားများ
Posted by ဒီမိုဝေယံ

Tuesday, January 26, 2010

ရန်ကုန် မီးလောင်ကျွမ်းမှု လျှပ်စစ်မီး ပျက်ရာကစ


ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ဘက် ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက တနာရီ ကျော်ကြာမီး လောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၃ လုံးပြာကျသွားပြီး လူဦးရေ ၃၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း သတင်းရရှိသည်။


မီးလောင်ကျွမ်း မှုကြောင့် မီးကူးစက် လောင်ကျွမ်းမည်ကို စိုးရိမ်ရသော ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၁၀ လုံးထက် မနည်းလည်း ဖျက်ဆီး ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။

ဈေးသည်များ၊ ကျပန်း အလုပ်သမားများ အပါအ၀င် လက်လုပ် လက်စား ဆင်းရဲသား လူတန်းစားများစွာ နေထိုင်သော ငါးထပ်ကြီး ဘုရား အနောက်ဘက် ရပ်ကွက်၊ အင်ကြင်း လမ်းသွယ်တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း၊ လမ်းများ အလွန် ကျဉ်းမြောင်းပြီး အိမ်များ ကျပ်ညပ် နေသောကြောင့် မီးသတ် ကားများ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသဖြင့် ခက်ခက်ခဲခဲ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးမှ မီးသတ်ကား ၃၀ ခန့် လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် မီးငြိမ်းသတ် နေသည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မီးလောင်ကျွမ်းသည့် ရပ်ကွက်တွင် တနေကုန်မီးပျက်နေရာမှ ညနေ ၄ နာရီကျော်တွင် လျှပ်စစ်မီး ပြန်လာပြီး တနာရီအကြာ အင်ကြင်းလမ်းအတွင်းရှိ နှစ်ထပ်အိမ်တအိမ်မှ စတင်မီးလောင်ကျွမ်းပြီး ဘေးအိမ်များသို့ ကူးစက် သွားခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ဖြစ်တာက မီးလာပြီးနောက်ပိုင်း တနာရီလောက်မှ ဖြစ်တာ၊ လျှပ်စစ်မီးဖိုမပိတ်ခဲ့လို့ မီးလာတဲ့ အချိန်မှာ မီးထလောင်တာထင် တယ်”ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် အနှေးယာဉ်လုပ်သား တဦးက ပြောသည်



အိမ်ခြေ ၅ လုံးကျော် မီးကူးစက်လောင်ကျွမ်းပြီးမှ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကားများ ရောက်ရှိ မီးငြိမ်းသတ်ခြင်း ဖြစ်ကြောင်း၊ မီးသတ်သို့ အကြောင်းကြားချိန်နောက်ကျခြင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများဝင်ရန် ခက်ခဲခြင်းတို့ကြောင့်
တနာရီကျော်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းခြင်း၏အဓိကမှာ အစိုးရက လျှပ်စစ်မီးပုံမှန်မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရပ်ကွက်နေသူများက ဝေဖန်နေကြ သည်။

“မီးက ပုံမှန်မရဘူး၊ တနေ့ ၆ နာရီပဲ ရတယ်၊ ပျက်ချင်တဲ့အချိန်ပျက်၊ လာချင်တဲ့အချိန်လာတော့ လူတွေလည်း မီးလာတာ၊ပျက် တာကို အလုပ်ကြီးတခုလို သတိထားရတယ်၊ အခု မီးလောင်သွားတာက သတိပေါ့ဆလို့၊ ဒါပေမယ့် မီးမှန်မှန်လာရင် ဒီလို အဖြစ် မျိုးဖြစ်မှာ မဟုတ်ဘူး”ဟု ဗဟန်းဒေသခံ တဦးက ပြောသည်။

အခြေခံပညာ အထက်တန်းစာမေးပွဲများ နီးကပ်ချိန် ရန်ကုန်မြို့တွင် လျှစ်စစ်မီး တနေ့ ၆ နာရီခွဲတမ်းဖြင့်သာ ရရှိနေ သောကြောင့် ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားလာနိုင်သေးကြောင်း ရန်ကုန်မြို့သူ မြို့သားများက ဆိုသည်။

“ကလေးတွေက မီးမလာတော့ ဖယောင်းတိုင်နဲ့ ညဥ့်နက်တဲ့အထိစာကျက်ရ၊ လူကြီးမိဘ တွေကလည်း မီးလာချိန် ချက်ရယ်၊ပြုတ်ရယ်၊ရေတင်တဲ့အလုပ်တွေလုပ်နေရတာဆိုတော့ တချက်လေးသတိလစ်သွားတာနဲ့ လျှပ်စစ်ကတဆင့် မီးလောင်တာတွေ ဖြစ်နေဦးမှာပဲ”ဟု ရန်ကုန်အိမ်ရှင်မ တဦးက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတ၀န်းမီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျှပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ်ရှိ ကြောင်း၊ လျှပ်စစ်မီးမှ စတင်သောမီးးလောင်မှု ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ပေါင်း ၁၀၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဖွဲ့၏တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

http://www.irrawaddy.org/ မှကူးယူဖော်ပြသည်။
Posted by minyannaing

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊ (၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားဖိတ်ကြားအပ်ပါသည်။

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊ (၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၀၁.၂၀၁၀ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ (မပျက်မကွက်) ၊ ဂျပန်ရောက် မြန်မာဒီမိုကရေစီလိုလားသူများအားလုံး တက်ရောက်
ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။ရုံးပိတ်ရက်ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်စွာ
ဖြင့် အသံတိတ်ဆန္ဒပြမည်။ ။
Posted by NLD(LA)JB

ဟေတီ နဲ့ မြန်မာ - သဘာဝဘေးဒဏ်အတွက် နိုင်ငံတကာအကူအညီ


Posted by ဒီမိုဝေယံ