Wednesday, December 23, 2009

ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ



(ခေတ်ပြိုင်) NEJ / ၂၃ ဒီဇင်ဘာ ၂၀၀၉

ရုရှနိုင်ငံက MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုး လိုက်ကြောင်း ယနေ့ထုတ် Kommersant သတင်းစာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ လက်မှတ်ရေထိုးခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိသည်ဟု Rosoboronexport ရုရှလက်နက်အရောင်းကုမ္ပဏီကို ကိုးကားပြီး သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်ကလည်း MiG-29 အမျိုးအစား လေယာဉ် (၁၂) စီးကို ရုရှက မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း၊ ယခုတကြိမ် မြန်မာနိုင်ငံနှင့် သဘောတူညီမှုသည် ၂၀၀၇ ခုနှစ်တွင် အယ်ဂျီးရီးယားနိုင်ငံသို့ အလားတူ လေယာဉ်များ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်း တန်ဖိုးအများဆုံးဖြစ်ကြောင်း Kommersant သတင်းစာတွင် ပါရှိသည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယတို့အပြင် ရုရှနိုင်ငံကပါ လက်နက်များ လက်ခံရရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ၏ စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
Posted by minyannaing

0 comments: