Tuesday, December 15, 2009

မြောက်ကိုရီးယား မှ စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသော လေယာဉ် ဘန်ကောက် တွင် ဖမ်းဆီးခံရ



အောင်မိုး/ဂျေရာပွန်သော်မဆင်-
(ဘန်ကောက်)

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ ကနေ အလေးချိန် ၃၅ တန် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာတဲ့ ရုရှားလုပ် Ilyushin Il-76 ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆီဝင်ဖြည့်စဉ် တရားမ၀င်လက်နက်များ သယ်ဆောင်လာခဲ့မှု ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရပြီး၊ ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပါသည်။ ထိုလေယာဉ်သည် ဒုံးကျည် လက်နက် များ၊ ပေါက်ကွဲအား ပြင်းတဲ့ ယမ်းအိတ်များ၊ စစ်မြေပြင်သုံးဒုံးကျည် လက်နက်များ ကိုသယ်ဆောင်လာခဲ့ ကြောင်း သတင်းထဲတွင် ဖော်ပြထားပါသည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာတဲ့ လူ ၅ ဦးကို တရားမ၀င် လက်နက် ပိုင်ဆိုင်မှုနဲ့ ထိုင်းနိုင်ငံက တရားစွဲဆိုထားကြောင်း သိရှိရပါသည်။ လေးဦးဟာ ကာဇတ်စတန် (Kazakhstan) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ပြီး၊ တစ်ဦးက ဘဲလားရုစ် (Belarus) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်တယ်လို့ သတင်းများတွင် ဖော်ပြထား ပါသည်။

စစ်လက်နက်များသယ်ဆောင်လာတဲ့ လေယာဉ်ဟာ ဂျော်ဂျီယာ (သို့) ရုရှားမှာ မှတ်ပုံတင်ထား တဲ့ လေယာဉ်ဖြစ်တယ်လို့ ယခင်က ခန့်မှန်းပြောဆိုနေကြပေမဲ့ ၊ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က လေယာဉ်ဟာ ဂျော်ဂျီယာမှာ မှတ်ပုံတင်ထားတဲ့ လေယာဉ်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ မှာ အတည်ပြု ထုတ်ဖော်ပြောဆိုသွားပါသည်။

လေယာဉ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှ သီရိလင်္ကာ ကိုလမ်ဘိုမြို့ သို့ ပျံသန်း သွားရောက်ဖို့ အစီအစဉ်ရှိကြောင်း၊ ထိုမှတဆင့် ယူကရိန်း သို့ ပျံသန်းဖို့ ရှိကြောင်း စုံစမ်းစစ်ဆေးမှု များအရ သိရှိရပါသည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာတဲ့ လူတစ်ဦးက လေယာဉ်ဟာ ရုရှားမှတဆင့် မြောက်ကိုရီးယားကို ပျံသန်းခဲ့ပြီး စစ်လက်နက်ပစ္စည်းများကို တင်ဆောင်လာ ခဲ့ကြောင်း ထိုင်းလုံခြုံရေးတာဝန်ရှိသူများ ကိုပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ ထဲတွင်ဖော်ပြထားပါသည်။

လက်နက်များကို ဘယ်နိုင်ငံသို့ တင်ပို့ရောင်းချဖို့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပေမဲ့၊ ထိုင်းအစိုးရ က ဘန်ကောက်မြို့ရှိ ဂျော်ဂျီယာ၊ သီရိလင်္ကာ သံရုံးများကို အကြောင်းကြား ထားပြီး၊ ဆက်လက် သတင်းစုံစမ်းမှုများကို ပြုလုပ်နေပါသည်။ သီရိလင်္ကာ အစိုးရဟာ တမီးသူပုန်တွေကို နှီမ်နင်းခဲ့စဉ်က တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား မှ စစ်လက်နက်များကို မြန်မာစစ်အစိုးရရဲ့ အကူအညီဖြင့် သယ်ဆောင်ခဲ့ဘူးပါသည်။ ယခင်ကလည်း မြန်မာပြည်သို့ ဦးတည်သွားခဲ့သော မြောက်ကိုရီးယား သင်္ဘောတစီးကြောင့် သီရိလင်္ကာ၊ မြန်မာ၊ မြောက်ကိုရီးယားဆက်ဆံမှုများကို အနီးကပ် လေ့လာစောင့်ကြည့် နေကြပါသည်။ ထိုစဉ်က တရုတ်အစိုးရ၏ ကြားဝင်ခဲ့မှုကြောင့် မြန်မာပြည်သို့ ဦးတည်လာခဲ့သော မြောက်ကိုရီးယား သင်္ဘောတစီး ဟာ လာရာလမ်းကိုပြန်လှည့်သွားခဲ့ရကြောင်း နိုင်ငံတကာ ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြထားပါသည်။ မြန်မာစစ်ခေါင်းဆောင်များ မကြာသေးခင် သီရိလင်္ကာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး၊ သိရီလင်္ကာ အစိုးရ အား စစ်ရေး အကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘာကူအညီပေးခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အတည်မပြုနိုင်တဲ့ ထောက်လှမ်းရေးသတင်းများအရလည်း သိရှိရပါသည်။

မြောက်ကိုရီးယား မှ စစ်လက်နက်ပစ္စည်းများ တရားမ၀င် သယ်ဆောင်လာခဲ့မှုကို ထိုင်းထောက်လှမ်းရေးအဖွဲ့ နှင့် နိုင်ငံတကာထောက်လှမ်းရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာရဲတပ်ဖွဲ့ကြီး၏ သတင်းပေးပို့ ခဲ့မှုတွေကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားပါသည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အရ မြောက်ကိုရီးယား မှတဆင့် လက်နက်များ တင်ပို့မှု ကို ကန့်သတ်ထားခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

0 comments: