Wednesday, December 23, 2009

Burma VJ မှတ်တမ်းတင်ဇာတ်ကား စင်္ကာပူတွင် ရုံတင်မည်



စင်္ကာပူ (ဒီဇင်ဘာ ၂၃) - ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို အခြေခံ၍ မှတ်တမ်းတင် ရိုက်ကူးထားသည့် Documentary ဇာတ်ကားဖြစ်သော Burma VJ (Reporting from a closed country) အား စင်္ကာပူရှိ Cathay ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသသွားမည်ဟု သိရသည်။

ထိုဇာတ်ကားကို ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ဆိုသူက ရိုက်ကားထားပြီး ပြသချိန် ၈၄ မိနစ် ကြာမြင့်သည်။ ထိုဇာတ်ကားသည် Sundance ရုပ်ရှင်ပွဲတော်တွင် World Cinema Documentary Film Editing Award ၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် Golden Gate Persistence of Vision Award အစရှိသည့် ဆုတံဆိပ်များအပြင် အခြား ဆုတံဆိပ်ပေါင်း ၃၃ ခု ရရှိခဲ့သည်။

ထို့ပြင် ၂၀၁၀ ခုနှစ် အကယ်ဒမီ အော်စကာဆု လျာထားသည့် Best Documentary ဇာတ်ကား ၁၅ ကား စာရင်းတွင် လျာထားခြင်း ခံခဲ့ရပြီး အော်စကာဆုအတွက် နောက်ဆုံး ဆန်ကာတင် ၅ ကား စာရင်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာမည် ဖြစ်သည်။ အော်စကာဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် ဟော်လီးဝုဒ်၌ ကျင်းပသွားမည် ဖြစ်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၄)တွင်လည်း ထိုဇာတ်ကား၏ အညွှန်းကို ဖော်ပြထားသည်။

အဆိုပါ ဇာတ်ကားကို စင်္ကာပူတွင် NC16 ဟု သတ်မှတ်ထားပြီး ဤနေရာ မှတဆင့် ကြိုတင်လက်မှတ် ၀ယ်ယူနိုင်သည်ဟု သိရသည်။

(သံလွင်သတင်း)
Posted by minyannaing

0 comments: