Saturday, December 6, 2008

ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဘက်နှင့်တဘက် အတိုက်အခိုက် ရပ်ကာ အမျိုးသား အချင်းချင်း စည်းလုံးစွာ ရှိကြဖို့ စေတနာမှာ ပြင်းပြသည်။ `ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တ ယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ် တနှစ်ကတည်းက ပြောနေခဲ့၏။ ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသော အခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။ အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော် ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန် မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။ ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြ သည်။ ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေ ချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး ယုံကြည်ချက်ပင် ဖြစ်သည်။ `ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်း စားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။ ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆို တာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ သည်။ အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေ သည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ ရှိလေသည်။ `ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ် ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။ ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။ အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန် သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင် ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။ အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှော ရှောရှူရှူပင် ထလိုက်လာခဲ့၏။ နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင် ပင်လေ့ရှိသည်။ `ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိ တယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါး ရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။ ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ ...တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။ ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။ ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေး များ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။ ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန် ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

0 comments: