Saturday, December 6, 2008

သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ

( ၁ )
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်း ရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန် ဖြင့် စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။ မစ္စတာမောင်မှိုင်း မှာတော်ပုံ ၀တ္ထု၌ ကိုပေါ ညည်းပုံကို… `တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။ လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသိုလ်သမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက် ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီး ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။ ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။ ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူ မှာဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့် မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။ ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ ကောင်းလှသည်။ တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။ `ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘ၀ကို သာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့…´ ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး ပျက်ရပုံကို ပြေပြနေပြန်၏။ `ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူ တော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။ မော်တော်ကားသည် မြေနီကုန်း အ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။ ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ် ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကို ပြပါဆို လျှင် ဆရာကြီးကို ပြရပေမည်။ စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ် မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာ ကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။ သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ် ပြုတတ်သည်။ မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။ ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။ ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွား သော ဆရာကြီးကို လှမ်းမြင် လိုက်ရသည်။ ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။ ကျွန်တော့မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသား လွတ်လပ်ရေး၏ အမှတ်တံဆိပ် အဖြစ် ရင်တွင်း၌ စွဲလမ်း မှတ်သား ထားခဲ့ပေသည်။

0 comments: