Saturday, December 6, 2008

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။ ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်း ရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ် သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြ သည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။ ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူ ခံပေါ်မှအနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ် ၀တ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ ရှိသည်။ လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့် ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ `စားကွ´ ဟု ကျွန်တော် တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။ လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များ ကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများ ဖြစ်ကုန်သော သခင် များ ဖြစ်ပေကြသည်။ ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား `မင်းတို့ပင့် လာတဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။ နိုင်ငံရေးစကား ပြောလျှင် မောပန်းသည်မရှိ။ ထမင်းစား လာခေါ်မှ ထစားသည်။ တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။ ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ ၏။ ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။ တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ် မပျက်….။ ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက `ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ သည်။ ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြ အရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။

0 comments: