Saturday, December 6, 2008

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမား များနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအ ကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။ ၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာ ကြီးနှင့် စကားပြောလိုက်ရပြီး နောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင် ရင်းနှီးလာလေ၏။ ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။ လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ် ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ `ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ `လိုက် တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက် သည်။ ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။ `လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆) နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင် နေခြင်းရှိသည်ကို အံ့သြနေကြရသည်။ ခရီးလမ်း တလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။ ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ `ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲ တွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံး မယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။ ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွား သည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက် ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။ စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။ အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ ရောက်ရာ အတော် အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။ သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင် ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။ စိတ်ဓာတ်ကလည်း ထက်သန်လှ၏။ ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီး မှာအသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ် ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက် သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။ ဆရာကြီးမှာ အသက်အရွယ် ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။ တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍ `ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန် တော်က `ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ `ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။ အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

0 comments: